(၂၂-၂-၂၀၁၉၊ မယ်ဟောင်ဆောင်)
ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူမြန်မာနိုင်ငံသားများ တတိယအကြိမ်ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ဒုတိယနေ့အဖြစ် ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ပြည်နယ်၊ ဘမ်မိုင်နိုင်စွိုင် (Ban Mai Nai Soi) စခန်းမှ မိမိဆန္ဒအလျောက် နေရပ်ပြန် မြန်မာနိုင်ငံသား (၅၉) ဦးတို့သည် ၂၁-၂-၂၀၁၉ ရက်နေ့ မြန်မာစံတော်ချိန် မွန်းတည့် ၁၂၀ဝ နာရီအချိန်တွင် ကယားပြည်နယ်၊ မယ်စဲ့ဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်ခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးသိန်းတင်သည် ထိုင်းနိုင်ငံ ဒေသအာဏာပိုင်များ၊ UNHCR နှင့် IOM တို့မှ တာဝန်ရှိသူများနှင့်အတူ လိုက်ပါပို့ဆောင်ခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ ကယားပြည်နယ် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘောစ့်ကို၊ ကယားပြည်နယ် စည်ပင်နှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးတို့ဦးဆောင်သည့် ပြန်လည်လက်ခံ ကြိုဆိုရေးအဖွဲ့မှ ပြန်လည်လက်ခံကြိုဆိုခဲ့ကြပါသည်။ မြန်မာဘက်အခြမ်းရှိ BP-13 မယ့်စဲ့ဂိတ်တွင် အဆိုပါ နေရပ်ပြန်မြန်မာနိုင်ငံသား (၅၉) ဦး၏ C of I စာရွက်စာတမ်းများနှင့် ကလေးငယ် (၆) ဦး၏ မွေးစာရင်းထောက်ခံစာများအား ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးမှူး စိုင်းဘမင်းထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ မြန်မာကောင်စစ်ဝန်ချုပ် ဦးသိန်းတင်သည် ကယားပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်သို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ မြန်မာစံတော်ချိန် ၁၃၃၀ နာရီအချိန်တွင် ရောက်ရှိခဲ့ပါသည်။ ထို့နောက် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်ခန်းမတွင် ကျင်းပ ပြုလုပ်သည့် “ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသည့် တိုင်းရင်းသား ပြည်သူများအား ပြန်လည်ကြိုဆိုလက်ခံခြင်း၊ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲအခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။
ကယားပြည်နယ် အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများအတွက် မိသားစုဝင် (၃)ဦးပါ အိမ်ထောင်စုတစ်စုလျှင် ဆန် (၁၀)ပြည် (၁) အိတ်၊ ဆီ (၁) ပိဿာ (၂)ဗူး၊ မိသားစုဝင် (၃)ဦးအထက် အိမ်ထောင်စုတစ်စုလျှင် ဆန် (၁၀) ပြည် (၂) အိတ်၊ ဆီ (၁) ပိဿာ (၃) ဗူး၊ ရေသန့် တစ်ဦးလျှင် (၂) ဗူး၊ နတလ မှ နေရပ်ပြန်ပြည်သူ (၁) ဦးလျှင် တစ်ရက် ကျပ် (၆၀ဝ) နှုန်းဖြင့် (၃၁) ရက်အတွက် ကျပ် ၁၈၆၀ဝ/-၊ သဘာဝ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မှ မိသားစုတစ်စုလျှင် လုံချည် ကျား (၁) ထည်၊ မ (၁) ထည်၊ စောင် (၁) ထည်၊ တဘက် (၁) ထည်၊ ဒန်အိုး (၁)လုံး၊ တီရှပ် (၂) ထည်၊ ဆပ်ပြာ (၁) တောင့်၊ (၂) ယောက်အိပ် ချည် ခြင်ထောင် (၁)လုံး၊ ပလပ်စတစ်ပုံး (၁)လုံး၊ မိသားစု(၂)ဦးထိ အိမ်ထောင်စုတစ်စုလျှင် ကျပ်ငွေ (၁) သိန်း၊ (၃) ဦးအထက် မိသားစုတစ်စုလျှင် ကျပ် (၃) သိန်း၊ ဆန်ရိက္ခာအတွက် ထောက်ပံ့ငွေ တစ်နေ့ ကျပ် ၃၀ဝ/- နှုန်းဖြင့် (၁) လလျှင် ကျပ် ၉၀ဝ၀/-၊ လမ်းခရီးစားစရိတ် တစ်ဦးလျှင် ကျပ် ၃၀ဝ၀/- နှုန်း၊ နော်ဝေဒုက္ခသည်ကောင်စီမှ ထီး (၁) လက်၊ ဓာတ်မီး (၁)ခု၊ ခြင်ထောင် (၁)လုံး၊ လုံခြည် (၁) ထည်၊ ပုဆိုး (၁) ထည်၊ ပိုက်ဖျာ (၁) ချပ်၊ စောင် (၁) ထည်၊ ရေပုံး (လက်စွဲပါ) (၂) လုံး၊ ရေပုံး (လေးထောင့်) (၂)လုံး၊ ကြက်ခြေနီအဖွဲ့မှ မိသားစုတစ်စုလျှင် ကျပ် ၈၅၀ဝ၀/- တန်ကြေးရှိ Family Kit ၊ ကျပ် ၂၀ဝ၀ဝ/- တန်ကြေးရှိ Shelter Cool Kit၊ ကျပ် ၉၀ဝ၀/- တန်ကြေးရှိ အမျိုးသမီးအသုံးအဆောင် PG Kit များအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ကယားပြည်နယ်၊ မယ်စဲ့ဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်သည့် နေရပ်ပြန်မြန်မာနိုင်ငံသားများသည် လွိုင်ကော်မြို့နယ်မှ ကျား (၇) ဦး၊ မ (၁၀) ဦး၊ ဒီးမော့ဆိုမြို့နယ်မှ ကျား (၁၅) ဦး၊ မ (၉) ဦး၊ ဖရူဆိုမြို့နယ် မှ ကျား (၄) ဦး၊ မ (၃) ဦး၊ ရှားတော်မြို့နယ်မှ ကျား (၃) ဦး၊ မ (၃) ဦး၊ ဖားဆောင်းမြို့နယ်မှ ကျား (၄) ဦး၊ မ (၃) ဦး၊ စာရင်းချုပ် ကျား (၃၁) ဦး၊ မ (၂၈) ဦး စုစုပေါင်း (၅၉) ဦးဖြစ်ပါသည်။
အဆိုပါနေရပ်ပြန်မြန်မာနိုင်ငံသားများအား လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဆိုင်ရာ ပြည်နယ် ဦးစီးမှူးရုံးမှ အိမ်ထောင်စုစာရင်းစစ်ဆေးခြင်း၊ ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေး စစ်ဆေခြင်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံးမှ ကျောင်းနေအရွယ်များအား စိစစ်ပေးခြင်း၊ ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အိမ်ထောင်စုစာရင်းများ ကောက်ယူခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာ ဒေသအရောက် ပို့ဆောင်နိုင်ရေးနှင့် ဆက်လက်ပြီး လိုအပ်သည်များအား ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရှိရပါသည်။