Myanmar Time :

Thailand Time :

English Thai

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂)ဖွင့်ပွဲ အခမ်းအနားနှင့် ၂၃ဝ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃ဝ/၆၆/၁၁ ကေဗွီ ၁ဝဝ အမ်ဗွီအေ မြဝတီပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

(မြဝတီ မတ် ၁၉)

highlight 06highlight 07highlight 08highlight 09highlight 10highlight 11highlight 12highlight 13highlight 14highlight 15highlight 16highlight 17

 

ကရင်ပြည်နယ် ဘားအံမြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့် မြဝတီမြို့သို့ ရောက်ရှိပြီး မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ နှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံပြည်သူ များ တက်ရောက်ကြသည်။

ဖွင့်ပွဲမစတင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယုဒ် ချန်အိုချာတို့သည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားစီမံကိန်း ရှင်းလင်းဆောင်၌ တွေ့ဆုံကြပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ မြန်မာ-ထိုင်း နှစ်နိုင်ငံမှ ဒေသခံတိုင်းရင်းသားများက ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်တင်ဆက်ကြပြီး တံတားစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော Video Presentation ကို ပြသသည်။

ယင်းနောက် ထိုင်းနိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး Mr. Arkhom Termpittayapaisith က စီမံကိန်းဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားတည်ဆောက်မှုပြီးစီးခြင်း အထိမ်းအမှတ်အခမ်းအနားကို ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယုဒ် ချန်အိုချာ နှင့်အတူ တက်ရောက်ခွင့်ရရှိသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ နှစ်ဖက်အဆင့်မြင့်အရာရှိကြီးများအနေဖြင့် ယခုကဲ့သို့ တံတားတည်ဆောက်မှုပြီးစီးခြင်း အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြသည်ကို ကြည့်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို နှစ်ဖက်စလုံးက အလေးထားသည်ကို ထပ်ဟပ်ဖော်ပြလျက်ရှိပါကြောင်း။

ချစ်ကြည်ရေးတံတားကို နှစ်ဖက်သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပြည်သူများ၏ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်မှုများနှင့် ကြိုးပမ်းအားထုတ်မှုများကြောင့် အောင်မြင်စွာတည်ဆောက်ပြီးစီးနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုအောင်မြင်မှုရလဒ်သည် နှစ်နိုင်ငံပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့် တစ်ညီတညွတ်တည်းရှိမှုကို ပြသသည့်အပြင် နှစ်ဖက်အပြန်အလှန် အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုရှိခြင်း၏ ပြယုဂ်တစ်ခုဟု ဆိုနိုင်ပါကြောင်း။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့သည့် ၁၉၄၈ ခုနှစ် သြဂုတ် ၂၄ ရက်ကစပြီး နှစ်နိုင်ငံအနေဖြင့် ကာလရှည်ကြာစွာ တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု၊ အိမ်နီးချင်းကောင်း ပီသမှုနှင့် အပြန်အလှန် နားလည်မှုတို့ကို တန်ဖိုးထားထိန်းသိမ်းနိုင်ခဲ့ကြပါကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်းက သံတမန်ဆက်သွယ်မှု နှစ်(၇ဝ) ပြည့်မြောက်ခဲ့သည့် အခမ်းအနားများကို ကျင်းပခဲ့ပြီး နှစ်နိုင်ငံအကြားဆက်ဆံရေးကိုလည်း သဘာဝအလျောက် မဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (Natural Strategic Partnership) အဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ မိမိတို့သည် အိမ်နီးချင်းနိုင်ငံနှစ်နိုင်ငံ၏ ဆက်ဆံရေးကိုများစွာ အလေးထားကြောင်းကို ပြောကြားလိုပါကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွား ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ထိုင်းနိုင်ငံနှင့် လက်တွဲဆောင်ရွက်ရန် အမြဲအသင့်ရှိပါကြောင်း။

အခွင့်ကြုံခိုက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂) ပေါ်ပေါက်လာပုံ နှင့် ၎င်း၏အရေးပါပုံကိုလည်း အနည်းငယ်မျှဝေလိုပါကြောင်း၊ ယင်းတံတားကြီးသည် မိုးအိ/ သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဘက်မှ မြဝတီမြို့နယ်နှင့် ထိုင်းနိုင်ငံဘက်မှ မဲဆောက်မြို့နယ် တာ့ခ်ခရိုင်တို့ကို ဆက်သွယ်ပေးထားသည့် တံတားကြီးတစ်စင်းဖြစ်ပါကြောင်း။

၂ဝ၁၂ ခုနှစ် မေလအတွင်းက မြန်မာ-ထိုင်း နှစ်နိုင်ငံအဖွဲ့များသည် နယ်စပ်တွင် စတင်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပန္နက်တင်မင်္ဂလာအခမ်းအနားကို ၂ဝ၁၅ ခုနှစ် သြဂုတ်လအတွင်းက ကျင်းပခဲ့ပါကြောင်း၊ ယခုတံတားကြီး ပြီးစီးရေး အတွက် ၄ နှစ်ကြာ အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်ခဲ့မှုများသည် နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးပွားလာစေမည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကိုလည်း တိုးမြှင့်ဖော်ဆောင်လာစေနိုင်မည်ဟုလည်း ယုံကြည်ပါကြောင်း။

ယခုချစ်ကြည်ရေးတံတားသည် နှစ်နိုင်ငံအကြား ရုပ်ပိုင်းဆိုင်ရာ ပေါင်းစည်းဆက်နွယ်မှုကိုသာမက နှစ်နိုင်ငံပြည်သူများအကြား ထိတွေ့ပေါင်းစည်းဆက်နွယ်မှုကိုလည်း တိုးမြှင့်ပေးနိုင်မည်ဖြစ်ပါကြောင်း။

ယခုတံတားသည် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံကိုဖြတ်ကျော်လျက် အရှေ့အနောက် စီးပွားရေးစင်္ကြံတစ်လျှောက်ရှိ အရှေ့တောင်အာရှနိုင်ငံများကို ဆက်သွယ်ပေးမည့် အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုတည်ဆောက်ပြီးစီးခဲ့သည့် ချစ်ကြည်ရေးတံတားကြောင့် မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်က ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေလျှော့သွားနိုင်မည်ဖြစ်ပြီး ကုန်စည်များ၊ နှစ်နိုင်ငံပြည်သူများ လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ကြမည်လည်း ဖြစ်ပါကြောင်း။

ချစ်ကြည်ရေးတံတား တည်ဆောက်လိုက်ခြင်းကြောင့် နှစ်နိုင်ငံအကြား၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ ဒေသတွင်းကုန်သွယ်ရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကဏ္ဍရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကျယ်ပြန့်လာစေမည် ဖြစ်ပါကြောင်း၊ ဒေသတွင်းနိုင်ငံများ၏ သာယာဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖော်ဆောင်ပေးနိုင်မည့် ချစ်ကြည်ရေးတံတားဖြစ်ပါကြောင်း။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ဆက်ဆံရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများသည် ပြီးခဲ့သည့်နှစ်များအတွင်း အရှိအဟုန်ဖြင့် တိုးတက်လာသည်ကို အားတက်ဖွယ်တွေ့မြင်ရပါကြောင်း၊ မိမိတို့နိုင်ငံများ၏ အစိုးရပိုင်းဆိုင်ရာ အဖွဲ့အစည် များအကြားတွင်သာမကဘဲ ပုဂ္ဂလိကပိုင်းနှင့် ပြည်သူများအကြားတွင်လည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုများပြားလာသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရှိရပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းတွင်သာမက ကမ္ဘာနှင့်အဝှမ်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့အတွက် ထိုင်းနိုင်ငံနှင့် အတူတကွ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ထပ်လောင်းအတည်ပြုပြောကြားလိုပါကြောင်း။

မိမိတို့နှစ်နိုင်ငံအကြား အချိန်ကာလကြာမြင့်စွာ တည်ရှိခဲ့ပြီးဖြစ်သည့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းသော အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ထိုင်းနိုင်ငံအစိုးရ၏ စေတနာတရားနှင့် ကြိုးပမ်းအားထုတ်မှုများကို မြန်မာနိုင်ငံအနေဖြင့် အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုတံတားသစ်တည် ဆောက်နိုင်မှုမှတစ်ဆင့် မိမိတို့နှစ်နိုင်ငံအကြား သာယာဝပြောမှုများ ဆတက် ထမ်းပိုး တိုးတက်ကောင်းမွန်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က တံတားတည်ဆောက်မှု ပြီးစီးသည့်အပေါ် ဝမ်းမြောက်ကြောင်းနှင့် စီမံကိန်းအောင်မြင်ပြီး တံတားဖွင့်လှစ်အသုံးပြုနိုင်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအတွက် ရရှိလာမည့်အကျိုးကျေးဇူးများကို ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယုဒ် ချန်အိုချာတို့သည် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ်(၂) တည်ဆောက်ပြီးစီးခြင်း အထိမ်းအမှတ်ကမ္ဗည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံဝန်ကြီးများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံနယ်စပ်ကုန်သွယ်ရေး ထိန်းချုပ်မှုစခန်း (မြဝတီ) ၌ တွေ့ဆုံ သည်။

တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာစေရေး၊ မြေယာအမှုတွဲများ အမြန်ပြီးပြတ်စေရေး၊ မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျေးရွာများသို့သွားရောက်၍ ပြည်သူလူထုနှင့် အမှန်တကယ်ထိတွေ့ကာ ပြည်သူလူထု၏တင်ပြချက်များကို လက်တွေ့ကျကျ ဖြေရှင်းဆောင်ရွက်ပေးရေးဆိုင်ရာကိစ္စရပ်များကို မှာကြားသည်။

တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ၊ ဦးဝင်းခိုင်၊ ဦးဟန်ဇော်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၂၃ဝ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃ဝ/၆၆/၁၁ ကေဗွီ ၁ဝဝ အမ်ဗွီအေ မြဝတီပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိ်တို့နိုင်ငံ၏ အရေးအကြီးဆုံးအချက် (၂)ချက်မှာ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးဖြစ်ပြီး မိမိတို့အစိုးရစတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ သတ်မှတ်ခဲ့သည့်ကိစ္စဖြစ်ပါကြောင်း၊ လျှပ်စစ်မီးလင်းရေးဆိုသည်မှာ နေဝင်သွားသည့်အချိန်တွင် မီးလင်းရုံကိစ္စအတွက်သာ မဟုတ်ပါကြောင်း၊ ယင်းဓာတ်အားများနှင့် မိမိတို့ ပြည်သူများ၏ဘဝ ပိုမိုဖွံ့ဖြိုး လာအောင် ဦးတည်ခြင်းဖြစ်ပါကြောင်း။

နံနက်ပိုင်းက မြဝတီတွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားကို သွားရောက်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ချစ်ကြည်ရေးတံတားဖွင့်ရခြင်းမှာ ချစ်ကြည်ရေးကို ဦးတည်ပါကြောင်း၊ နှစ်နိုင်ငံအကြားတွင် ပိုမိုချစ်ခင်ရင်းနှီးလာစေရန်၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မိမိတို့ပြည်သူလူထု၏ဘဝများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာရန် ဖြစ်ပါကြောင်း၊ မိမိတို့ ဘာပဲလုပ်လုပ် အဓိကရည်ရွယ်ချက်မှာ ပြည်သူများ၏ဘဝ တိုးတက်ဖွံ့ဖြိုးရန် အတွက်ဖြစ်ပါကြောင်း၊ တိုးတက်ခြင်းဆိုသည်မှာ ခေတ်နှင့်အညီ ပြောင်းလဲသင့်သည်များကို ပြောင်းလဲနိုင်သည့်အခြေအနေကို ပြောခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဓာတ်အားလိုင်းဖွင့်ခြင်းမှာလည်း တိုးတက်မှုပင်ဖြစ်ပါကြောင်း၊ တိုးတက်မှုဆိုသည်မှာ မိမိတို့ပြည်သူများ လျှပ်စစ်မီးရသွားခြင်းသာမဟုတ်ဘဲ နည်းပညာအားဖြင့် မိမိတို့နိုင်ငံမှ ခေတ်နှင့်အညီ လိုက်မီလာသည့် သဘောကိုလည်း ပြသခြင်းဖြစ်ပါ ကြောင်း၊ ပြည်သူလူထုမှာ မိမိတို့၏ဘဝကို ပို၍ အကောင်အထည်ဖော်နိုင်သည့် အရည်အချင်းများရှိလာရန် ဖြစ်ပါကြောင်း။

လွတ်လပ်ရေးမရမီ ခေတ်ကလွတ်လပ်ရေး ခေါင်းဆောင်ကြီးများသည် မိမိကြမ္မာကို မိမိကိုယ်တိုင်ဖန်တီးမည်ဆိုသည့် စိတ်ဓာတ်နှင့်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပါကြောင်း၊ ပြည်သူများအနေဖြင့် ယခုအချိန်တွင် မိမိကံကြမ္မာကို မိမိ မည်မျှအထိ ဖန်တီးနိုင်သည့် အရည်အချင်းရှိသလဲဆိုသည်ကို မိမိတို့ပြန်ပြီး သုံးသပ်ရပါကြောင်း၊ မိမိကြမ္မာကို မိမိဖန်တီးနိုင်ရန် အဖက်ဖက်မှ ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ၊ ပံ့ပိုးမှုများရှိရန်လိုအပ်ပါကြောင်း၊ ပြည်သူများ အလိုအပ်ဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးကို မိမိတို့ ဦးစားပေးလုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း။

ယနေ့အခမ်းအနားတွင် အစိုးရ၊ လွှတ်တော်၊ ပြည်နယ်အစိုးရလည်း ပါဝင်ပါကြောင်း၊ ယင်းမှာ မိမိတို့နိုင်ငံ၏ ပြည်ထောင်စုသဘောတရား၊ ဒီမိုကရေစီသဘောတရားကို ဖော်ကျူးနေခြင်းဖြစ်ပါကြောင်း၊ ဒီမိုကရေစီသဘောတရားအရ မိမိတို့သည် အစိုးရအုပ်ချုပ်ရေးအပိုင်း၊ လွှတ်တော်ဥပဒေပြုရေးအပိုင်းနှင့် တရားစီရင်ရေးဆိုင်ရာ အပိုင်းများရှိပါကြောင်း၊ ယင်းမဏ္ဍိုင်ကြီး ၃ ခုနှင့် ဒီမိုကရေစီနည်းကျကျ နိုင်ငံတစ်ခုထူထောင်ရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ စစ်မှန်သည့် ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးဆိုသည်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အခြေအနေများကို ပိုမိုခိုင်ခံ့လာအောင်၊ ပြည်သူလူထု၏ လိုအပ်ချက်များနှင့်ကိုက်ညီအောင် ဆောင်ရွက်နေရခြင်းလည်း ဖြစ်ပါကြောင်း။

ထို့ကြောင့် မိမိတို့ရည်ရွယ်ချက်မှာ ပြည်သူလူထု၏ဘဝများ တိုးတက်ဖွံ့ဖြိုးရန်၊ ပြည်သူလူထုသည် ကမ္ဘာ့အလယ်တွင် တင့်တင့်တယ်တယ်နှင့် ယဉ်ကျေးသိမ်မွေ့သည့် ပြည်သူများအနေဖြင့် ရပ်တည်နိုင်ရန်ဖြစ်ပါကြောင်း၊ ကမ္ဘာ့အလယ်တွင် တင့်တင့်တယ်တယ်နှင့် ရပ်တည်နိုင်ရန် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အား ရရှိခြင်းဖြင့် မလုံလောက်ပါကြောင်း၊ အဓိကလိုအပ်ချက်မှာ မိမိတို့ပြည်သူများ၏ အရည်အချင်းပင် ဖြစ်ပါကြောင်း၊ ပြည်သူများ၏ အရည်အချင်းဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ အကျိုးဖြစ်ထွန်းမည့် ပညာများသာမက စိတ်ပိုင်းဆိုင်ရာပါ အကျိုးဖြစ်ထွန်းမည့်စိတ်ဓာတ်များ ဖွံ့ဖြိုးတိုးတက်ရန် အားလုံးဝိုင်းဝန်း၍ ကြိုးစားဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း။

တံတားကြီးတည်ဆောက်ရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရပါကြောင်း၊ နိုင်ငံအတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရပါကြောင်း၊ ပြည်သူလူထုက လိုလိုလားလားရှိရပါကြောင်း၊ အားလုံးက မိမိနေရာမှ မိမိတတ်နိုင်သည့်ဘက်က လုပ်ပေးသည့်အခါ စီမံကိန်းကြီးတစ်ခုကို အောင်အောင်မြင်မြင်အကောင်အထည်ဖော်နိုင်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ဓာတ်အားခွဲရုံကို ဖွင့်ပွဲလုပ်သည်မှာ ဓာတ်အားလိုင်းဖွင့်ပွဲလုပ်ခြင်းလည်းဖြစ်ပါကြောင်း၊ ယင်းမှာ မိမိတို့ အမျိုးမျိုးပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပေါ်ပေါက်လာသည့် စီမံကိန်းအောင်မြင်မှုကြီး တစ်ခုဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးလိုအပ်ချက်မှာ အလွန်များပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ယခုနှစ်မတိုင်မီ မြန်မာနိုင်ငံတွင် လိုအပ်ချက် ၅ဝ ရာခိုင်နှုန်း ဖြည့်ဆည်းနိုင်သည်အထိ ဆောင်ရွက်သွားမည်ဟု မျှော်လင့်ပါကြောင်း၊ ယင်းကဲ့သို့ ဖြစ်နိုင်မည်ဟု မိမိတို့ယုံကြည်ပါကြောင်း၊ ယခုဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း ဖွင့်လှစ်ခြင်းအားဖြင့် ကရင်ပြည်နယ်တွင် လျှပ်စစ်မီးရရှိနိုင်မည့် အိမ်ထောင်စုပေါင်းမှာ ကိုးသောင်းကျော်သွားမည် ဖြစ်ပါကြောင်း၊ ယင်းမှာ တိုးတက်မှုပင်ဖြစ်ပါကြောင်း၊ နေရာတိုင်းနေရာတိုင်းတွင် တိုးတက်အောင် လုပ်နေရခြင်းဖြစ်ပါကြောင်း၊ တစ်တိုင်းပြည်လုံး ပြည်နယ် (၇)ခုနှင့် တိုင်း (၇)တိုင်းတွင် လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်အတွက် လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း။

ယနေ့လာရောက်သည့်အခါ လမ်းပန်းဆက်သွယ်ရေး အင်မတန်ကောင်းမွန်နေသည်ကို သတိပြုမိပါကြောင်း၊ လမ်းများမှာ ဖြောင့်ဖြူး၍ သွားရလာရ အင်မတန်လွယ်ကူပါကြောင်း၊ အဆင့်အတန်းမီသည်ဟု သုံးသပ်မိပါကြောင်း၊ ဘာပဲလုပ်လုပ် အဆင့်အတန်းမီမီ လုပ်ချင်ပါကြောင်း၊ ပေါပေါနှင့်အမြန် ပြီးပြီးရောဆိုပြီးလုပ်မည့် စိတ်ဓာတ်များ မိမိတို့အားလုံးဖျောက်ဖျက်ရန် အင်မတန်အရေးကြီးပါကြောင်း၊ ရေတိုတွင်မြန်မြန်ပြီးပါက အကျိုးအမြတ်ရှိနိုင်သော်လည်း ခံနိုင်ရည်မရှိသည့် စီမံကိန်းများသည် နောက်ဆုံးတွင် အကျိုးထက်အရှုံးပေါ်စေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများသည် ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် နိုင်ငံအပေါ် သစ္စာစောင့်သိပြီး နိုင်ငံ့တိုးတက်ရေးအတွက် အားလုံးလုပ်ပေးစေလိုပါကြောင်း။

လူတိုင်းလူတိုင်း မိမိဘဝ၊ မိမိမိသားစုအတွက် ရုန်းကန်ရမည်ဖြစ်ပါကြောင်း၊ မိမိဘဝ၊ မိမိ မိသားစုဘဝ ရုန်းကန်ရသည့်အခြေအနေ မည်သို့ရှိနေပါစေ၊ နိုင်ငံ့အတွက် အစိတ်အပိုင်းတစ်ခုမျှ အမြဲချန်ထားစေလိုပါကြောင်း၊ နိုင်ငံ့အတွက် အရေးပါသည့် ကိစ္စများရှိသည်ကို စိတ်ထဲတွင်မမေ့ပျောက်စေလိုပါကြောင်း၊ မိမိနှလုံးသား၊ မိမိဦးနှောက်၏ တစ်နေရာတွင် မိမိနိုင်ငံ၊ မိမိ ရေ၊ မြေ သည် မိမိနှင့်အတူ တစ်မြေတည်းနေ တစ်ရေတည်းသောက်နေသည့် ပြည်သူလူထုများအတွက်ဆိုသည့် စိတ်ဓာတ်ကို အမြဲရှင်သန်အောင်ထားစေလိုပါကြောင်း။

မိမိနိုင်ငံအကျိုးအတွက် စဉ်းစားမည်ဆိုပါက မှောင်နေသည့်အခန်းတစ်ခန်းတွင် ဖယောင်းတိုင်မီးထွန်းလိုက်သကဲ့သို့ မိမိတစ်ယောက်တည်း လုပ်နိုင်သမျှလုပ်မည်။ သို့သော်လည်း အားလုံးစုပေါင်း၍လုပ်မည်ဆိုပါက မိမိတို့ လျှပ်စစ်မီးခလုပ်ဖွင့်လိုက်သလို နိုင်ငံတစ်ခုလုံးလင်းပြီး တောက်ပသွားမည်ဖြစ်ပါကြောင်း၊ ယင်းစိတ်ဓာတ်များနှင့် လုပ်စေလိုပါကြောင်း၊ နိစ္စဓူဝ မိမိတို့နိုင်ငံတွင် မည်သို့ပင်ဖြစ်နေဖြစ်နေ မိမိနိုင်ငံ၏ အေးချမ်းသာယာမှု၊ တည်ငြိမ်မှု၊ တိုးတက်မှုအတွက် မိမိတို့ဘာလုပ်ပေးနိုင်သလဲဆိုသည်ကို တစ်နေ့တွင် တစ်ကြိမ်စဉ်းစားပေးမည်ဆိုပါက နိုင်ငံအတွက် အကျိုးအမြတ်များရှိမည်ဖြစ်ပါကြောင်း။

ဘာပဲလုပ်လုပ် နိုင်ငံ့အကျိုးအတွက်လုပ်နေသည်ဆိုသည့် စိတ်ဓာတ်နှင့် လုပ်စေလိုသည်ကို အထူးအလေးပေးထောက်ပြလိုပါကြောင်း၊ မိမိတို့နိုင်ငံသူနိုင်ငံသား တစ်ယောက်ချင်းသည် မိမိတာဝန်မိမိကျေပွန်မည်ဆိုပါက မီးခလုပ်ကို လွယ်လွယ်နှင့် ဖွင့်လိုက်သကဲ့သို့ မိမိတို့နိုင်ငံ မီးလင်းသွားစေရန် စုပေါင်းအင်အားနှင့် လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် အရင်က လျှပ်စစ်မီးမရရှိခဲ့ဘဲ ယခုအခါ အဆိုပါဓာတ်ခွဲရုံကြီးကြောင့် အလင်းရောင်ရသည့်လူများသည် ယင်းကို နှလုံးသွင်းစေလိုပါကြောင်း။

ကရင်ပြည်နယ်တွင် ငြိမ်းချမ်းရေးသည် အရေးကြီးသည်ဟု ပြောနေစရာ မလိုတော့ပါကြောင်း၊ ကရင်ပြည်နယ်တွင် ပြည်တွင်းစစ်ဒဏ်ကို နှစ်ပေါင်းများစွာ ဆယ်စုနှစ်ကြာခံခဲ့ရပါကြောင်း၊ ယင်းသို့ခံခဲ့ရသည့်အတွက် ငြိမ်းချမ်းရေး၏အကျိုးကို အမှန်တကယ် နားလည်နိုင်မည်ဖြစ်ပါကြောင်း၊ ဖြစ်ဖူးမှ တစ်ကယ်သိကြမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ ပြည်သူပြည်သားများသည် ငြိမ်းချမ်းရေးရစေရန်၊ ငြိမ်းချမ်းရေး၏အလင်းရောင် နိုင်ငံအတွင်းသို့ဝင်လာစေရန် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းပြီး ကြိုးစားပေးကြပါဟု မိမိအနေဖြင့် မေတ္တာရပ်ခံလိုပါကြောင်း။

ယခုစီမံကိန်းကြီး၏ အဓိကအချက်မှာ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အမှောင်ကိုခွင်းပြီး အလင်းကို ရောက်နိုင်သည်ဆိုသည့် အဓိပ္ပါယ်သက်ရောက်သည်ဟု မိမိအနေဖြင့် ပြည်သူလူထုကို တင်ပြလိုပါကြောင်း၊ ယနေ့မှစ၍ ကရင် ပြည်နယ်၊ မြဝတီဘက်တွင် ပြည်သူလူထုအတွက် ပို၍အဆင်ပြေမည့် အလင်းရောင်ဓာတ်အားများ ရရှိသကဲ့သို့ နောင်လာမည့်ရက်များတွင်လည်း ပြည်သူလူထု၏ဘဝများကို အေးဆေးစေမည့်ဘဝများနှင့် လင်းလက်တောက်ပစေမည့် ငြိမ်းချမ်းရေးလည်း အမြန်ဆုံးအပြည့်အဝရပါစေဟု ဆုတောင်းမေတ္တာပို့သပါကြောင်း ပြောကြားသည်။

ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများက ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြဝတီမြို့ဒေသခံပြည်သူများကိုယ်စား လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ၂၃ဝ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃ဝ/၆၆/၁၁ ကေဗွီ ၁ဝဝ အမ်ဗွီအေ မြဝတီပင်မဓာတ်အားခွဲရုံအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစော ချစ်ခင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းနှင့် ဦးသန့်ဇင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံတိုင်းရင်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်တို့သည် ၂၃ဝ/၆၆/၁၁ ကေဗွီ ၁ဝဝ အမ်ဗွီအေ မြဝတီပင်မဓာတ်အားခွဲရုံ ကမ္ဗည်းကျောက်စာကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စီမံကိန်းရှုရပ်မှနေ၍ မြဝတီပင်မဓာတ်အားခွဲရုံအား ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြဝတီမြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။

 
Consulate - General of the Republic of the Union of Myanmar
Chiang Mai, Kingdom of Thailand