Myanmar Time :

Thailand Time :

English Thai

(၂၂-၄-၂၀၁၉ ရက်၊ နေပြည်တော်)

highlight 22highlight 23

 

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများဆိုင်ရာ ပထမအကြိမ် မြန်မာ-ထိုင်း လုပ်ငန်းအကောင်အထည်ဖေါ်ရေး ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ချင်းတွင်းခန်းမ၌ ၂၂-၄-၂၀၁၉ ရက်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာ မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဉပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေနှင့် ထိုင်းနိုင်ငံဘက်မှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mrs. Kanchana Patarachoke တို့ ဦးဆောင်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးတွင် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား ပြန်လည်စိစစ်၍ လက်ခံရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်များ ဦးဆောင်သည့် ပူးတွဲလုပ်ငန်းကော်မတီမှ ချမှတ်ခဲ့သည့် အစီအမံများ၊ ဆွေးနွေးခဲ့မှုများအား ဆက်လက် အကောင်အထည်ဖေါ် ဆောင်ရွက်သွားရေးနှင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်ရေးတို့အတွက် ကျွမ်းကျင်သူအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

ထို့အပြင် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေး၊ တရားဝင် ပြန်လည်အလုပ်လုပ်ကိုင်နိုင်ရေးနှင့် ၂၀၁၉ ခုနှစ်၊ မေလကုန်တွင် မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား စတုတ္ထအကြိမ်မြောက် ပြန်လည်လက်ခံနိုင်ရေး ကိစ္စရပ်များအား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားရန် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များမှ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ယင်း လုပ်ငန်းအကောင်အထည်ဖေါ်ရေး ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ကိုယ်စားလှယ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး၊ ထိုင်းနိုင်ငံဘက်မှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၊ အလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနများနှင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

 
Consulate - General of the Republic of the Union of Myanmar
Chiang Mai, Kingdom of Thailand