(၂-၇-၂၀၁၉၊ မယ်ဟောင်ဆောင်)
ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူမြန်မာနိုင်ငံသားများ စတုတ္ထအကြိမ် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ဒုတိယနေ့အဖြစ် ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ပြည်နယ်၊ ဘမ်မိုင်နိုင်စွိုင် (Ban Mai Nai Soi) စခန်းမှ မိမိဆန္ဒအလျောက် နေရပ်ပြန် မြန်မာနိုင်ငံသား ကျား ၁၄ ဦး၊ မ ၁၈ ဦး စုစုပေါင်း (၃၂) ဦး တို့သည် ၂-၇-၂၀၁၉ ရက်နေ့ မြန်မာစံတော်ချိန် မွန်းတည့် ၁၂၀၀ နာရီအချိန်တွင် ကယားပြည်နယ်၊ မယ်စဲ့ဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်ခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးသိန်းတင်သည် ထိုင်းနိုင်ငံ ဒေသအာဏာပိုင်များ၊ UNHCR နှင့် IOM တို့မှ တာဝန်ရှိသူများနှင့်အတူ လိုက်ပါပို့ဆောင်ခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေတို့ ဦးဆောင်သည့် ပြန်လည်လက်ခံကြိုဆိုရေးအဖွဲ့မှ လက်ခံကြိုဆိုခဲ့ကြပါသည်။
“ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသည့် တိုင်းရင်းသားပြည်သူများအား ပြန်လည်ကြိုဆိုလက်ခံခြင်း၊ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲ အခမ်းအနား” အား ယင်းနယ်စပ်ဂိတ်တွင် ကျင်းပခဲ့ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက မိန့်ခွန်းပြောကြားခဲ့ပါသည်။ ယင်းနောက် ပြည်တွင်းနေရပ်ပြန် မြန်မာနိုင်ငံသား ကျား ၁၄ဦး၊ မ ၁၈ ဦး စုစုပေါင်း ၃၂ ဦးအတွက် ထောက်ပံ့ငွေ ကျပ် ၅၃၀၁၉၀၀/- ၊ ဆန်၊ ဆီ၊ ထောက်ပံ့ရေးပစ္စည်းများအား အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ပါ သည်။
အဆိုပါနေရပ်ပြန်မြန်မာနိုင်ငံသားများအား လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဆိုင်ရာ ပြည်နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုစာရင်းစစ်ဆေးခြင်း၊ ယာယီအိမ်ထောင်စုနှင့် လူဦးရေးစာရင်း ထုတ်ပေးခြင်း၊ သက်သေခံကဒ်ပြား (NVC) ထုတ်ပေးခြင်း၊ မိုးပွင့်(အထူး) စီမံချက်ဖြင့် ဖွဲ့စည်းထားသော ကော်မတီဖြင့် ပူးပေါင်းဆောင်ရွက်၍ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ အခမဲ့ ထုတ်ပေးခြင်း၊ ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးစစ်ဆေးခြင်း၊ ကူးစက်ရောဂါများ စမ်းသပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ (၁) နှစ်အတွင်း ရောဂါဖြစ်ပွားပါက ဆေးရုံများတွင် အခမဲ့ဆေးကုသပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံးမှ ကျောင်းနေအရွယ်များအား စိစစ်ပေးခြင်း၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အိမ်ထောင်စုစာရင်းများ ကောက်ယူခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာ ဒေသအရောက် ပို့ဆောင်နိုင်ရေးနှင့် လိုအပ်သည်များအား ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။