(၄-၇-၂၀၁၉၊ ချင်းမိုင်မြို့)
ထိုင်းနိုင်ငံ၊ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ၂၈-၆-၂၀၁၉ ရက်နေ့မှ ၇-၇-၂၀၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည့် “Lanna Expo 2019- Lanna Way to ASEAN” ပြပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့အနေဖြင့် ပြခန်းများ ခင်းကျင်းပြသလျက်ရှိပါသည်။
မြန်မာပြခန်းတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ညီအစ်မမြို့တော် ထူထောင်ထားရှိသည့် ကျိုင်းတုံ-ချင်းမိုင်၊ လွိုင်ကော်-မယ်ဟောင်ဆောင် မြို့များအကြောင်း သိကောင်းစရာနှင့် ညီအစ်မ မြို့တော်များအကြား ပူးပေါင်းဆောင်ရွက်မှုပြကွက်များ၊ မြန်မာ့ခရီးသွားဖွံ့ဖြိုးတိုးတက်ရေး ပြကွက်များ၊ မြန်မာ့သနပ်ခါးပြကွက်များ၊ မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်း၏ ရန်ကုန်-ချင်းမိုင် တိုက်ရိုက်လေယာဉ်ခရီးစဉ်ပြကွက်များ၊ ရှမ်းပြည်နယ်၊ အင်းလေးရိုးရာ ကြာသင်္ကန်း၊ ကြာချည်ဖြင့် ပြုလုပ်ထားသည့် အဝတ်အထည်ပြကွက်များ၊ မြန်မာ့ရိုးရာကစားစရာရုပ်ပုံများ ဆေးရောင်စုံ ရေးခြယ်ခြင်း နှင့် မိုဘိုင်းဂိမ်းများအား ဝေဝေဆာဆာ ခင်းကျင်းပြသလျက်ရှိပါသည်။
အဆိုပါ “Lanna Expo 2019- Lanna Way to ASEAN” ၏ ဖွင့်ပွဲအခမ်းအနားအား ၂၈-၆-၂၀၁၉ ရက်နေ့ ညနေ ၁၇၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အထူးဧည့်သည်တော်အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် Mr. Pavin Chamniprasart က တက်ရောက်ခဲ့ပြီး ချင်းမိုင် ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Supachai Iamsuwanနှင့် ဇနီးတို့က ပြခန်းများအား လေ့လာကြည့်ရှုခဲ့ပါသည်။
အဆိုပါ “Lanna Expo 2019- Lanna Way to ASEAN” ပြပွဲအား ချင်းမိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး၏အစီအစဉ်ဖြင့် ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး ချင်းမိုင်ပြည်နယ် အပါအဝင် မယ်ဟောင်ဆောင်ပြည်နယ်၊ လန်းဖွန်းပြည်နယ်နှင့် လန်းပန်းပြည်နယ် တို့က ပူးတွဲစီစဉ် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ အဆိုပါ ပြပွဲတွင် ထိုင်းနိုင်ငံမြောက်ပိုင်း ရိုးရာအစားအစာ ပြခန်း ၁၅၀ ကျော်၊ “ခရိုင်တစ်ခုထုတ်ကုန်တစ်ခု- One Tambon One Product (OTOP)” စီမံကိန်းအောက်မှ ထိုင်းနိုင်ငံ မြောက်ပိုင်း ပြည်နယ် (၄)ခုမှ ဒေသထွက်ကုန်ပြခန်း ၁၈၀ ကျော်၊ ကောင်စစ်ဝန်ချုပ်ရုံး ပြခန်းများ၊ ယဉ်ကျေးမှုပြခန်းများ၊ ကျန်းမာရေးနှင့် ဆေးဝါးပြခန်းများအပါအဝင် ပြခန်းပေါင်း (၅၀၀) ကျော် ပြသလျက်ရှိကြောင်း သိရှိရပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့
၂၀၁၉ခုနှစ် ဇူလိုင်လ ၄ ရက်