(၃၀-၁-၂၀၂၀ ရက်နေ့၊ ချင်းမိုင်မြို့)
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ချင်းမိုင်မြို့ရှိ Empress Hotel ၌ ညနေ (၁၈၀၀)နာရီ မှ (၂၀၀၀) နာရီ အချိန်ထိ ကျင်းပခဲ့ပါသည်။
အခမ်းအနား၌ နှစ်နိုင်ငံနိုင်ငံတော်သီချင်းများအား ဖွင့်လှစ်ပြီးနောက် ကောင်စစ်ဝန်ချုပ် ဉီးသိန်းတင် နှင့် အထူးဧည့်သည်တော် ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Chroenrit Sanguansat တို့မှ မိန့်ခွန်းပြောကြားခဲ့ကြပါသည်။ ကောင်စစ်ဝန်ချုပ်၏ အဖွင့်မိန့်ခွန်းတွင် မြန်မာနှင့် ထိုင်းနိုင်ငံအကြား ဆက်ဆံရေး၊ ကုန်သွယ်ရေးအပါအဝင် မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးပြုပြင်ပြောင်းလဲမှုအခြေအနေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများအား ထည့်သွင်းပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ထိုင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံအမတ်ကြီး ဉီးမျိုးမြင့်သန်း၊ ထိုင်းနိုင်ငံမြောက်ပိုင်း ကောင်စစ်နယ်မြေများဖြစ်သော ချင်းမိုင်ပြည်နယ်၊ ချင်းရိုင်ပြည်နယ်၊ လန်ပန်းပြည်နယ်၊ လန်ဖုန်းပြည်နယ်၊ မယ်ဟောင်ဆောင်ပြည်နယ်၊ ဖရာအိုပြည်နယ်၊ ဖယောင်းပြည်နယ်နှင့် ဥတ္တရာဒစ်ပြည်နယ်တို့မှ အုပ်ချုပ်ရေးမှူးများ၊ ဒုတိယအုပ်ချုပ်ရေးမှူးများ၊ ချင်းမိုင်မြို့အခြေစိုက်ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်များ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များ၊ ထိုင်းနိုင်ငံအစိုးရဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ချင်းမိုင်မြို့ရှိ တက္ကသိုလ်များမှ အကြီးအကဲများ၊ ချင်းမိုင်တက္ကသိုလ်များတွင် ပညာသင်ရောက်ရှိ နေသော မြန်မာပညာတော်သင်ကျောင်းသားများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပြီး ဧည့်သည်တော် (၂၇၇) ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဧည့်သည်တော်များအား အနောက်တိုင်းအစားအစာများအပြင် မြန်မာ အစားအစာများဖြစ်သည့် မုန့်ဟင်းခါး၊ ကောက်ညှင်းပေါင်း၊ ငါးထမင်းနယ်၊ ပဲပြုတ်၊ ရွှေကြည်ဆနွင်းမကင်း၊ ငှက်ပျောဆနွင်းမကင်း တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
ထို့ပြင်ချင်းမိုင်တက္ကသိုလ်၌ ပညာသင်ကြားလျက်ရှိသော မြန်မာကျောင်းသား၊ ကျောင်းသူများမှ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ဖြင့် ကပြဖျော်ဖြေခဲ့ပြီး၊ ကမ္ဘာလှည့်ခရီးသွားများအတွက် စိတ်ဝင်စားဖွယ်နေရာများနှင့် မြန်မာ့ယဉ်ကျေးမှုအလှများပါဝင်သည့် ဗွီဒီယိုများကိုပြသခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုကို ထင်ဟပ်စေသည့် ယွန်းထည်အမျိုးမျိုးအပါအဝင် မြန်မာ့ရိုးရာလက်မှုပညာ များကိုလည်း ခင်းကျင်းပြသခဲ့ပါသည်။